မယက ဥက္ကဌကို အမည်မသိသေနတ်သမားများက ပစ်ခတ်

အောင်မိုးမြင့်။
နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်း မြန်မာနယ်စပ်ဒေသရှိ မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်မှ မယက ဥက္ကဌကို ယမန်နေ့ညက အမည်မသိ ဆိုင်ကယ်သမား နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

ယင်းပစ်ခတ်မှုသည် ယမန်နေ့ ည ခုနှစ်နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး မယက ဥက္ကဌကို ပွိုင့် ၃၈ ခြောက်လုံးပြူး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ဥက္ကဌ ဦးတင်ဝင်းရယ် သူ့အမျိုးသမီးရယ် လ္ဘက်ရည်ဆိုင်ကအပြန် ဆိုင်ကယ်နဲ့ အနောက်ကနေ လာပြီး တချက်ပစ်တယ်။ ဆိုက်ကယ်ကျော်ပြီးတော့ အရှေ့ကို တစ်ချက်ပစ်တယ်။ သူတို့လ္ဘက်ရည် ဆိုင်ကအပြန် အိမ်နားရောက်ခါနီးပေါ့။

ပစ်ခတ်ခံရသူ မယက ဥက္ကဌသည် ထိုင်းနိုင်ငံ ကန်ချနဘူရီ ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ယခုအချိန်ထိ ပစ်ခတ်သူတရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးပေ။

ယခင်နှစ်အတွင်းက ဘုရားသုံးဆူ၌ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၀၆ခုနှစ် မေလက ဒီကေ ဘီအေခေါ် တိုးတက်သော ကရင်ဒီမိုကရက်တစ် ဗုဒ္ဓဘာသာ အဖွဲ့က ထိုင်းစစ်သားနှစ်ဦးကို ဖမ်းဆီးခဲ့ချိန်မှစ၍ ယခုထိ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ယခုထိပိတ်ထားခဲ့သည်။

ဦးတင်ဝင်းသည် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန ဦးစီးမှူး၊ မြို့နယ် မယက ဥက္ကဌ တာဝန်ကို ၂၀၀၅ ခုနှစ်မှစ၍ တာဝန်ယူခဲ့သည်။

ဘုရားသုံးဆူဒေသတွင် အပစ်အခတ်ရပ်စဲထားသော မွန်ပြည်သစ်ပါတီ၊ ဒီကေဘီအေနှင့် ဟောင်သရောခေါ် ကရင် အပစ်ရပ်အဖွဲ့များအပြင် မြန်မာစစ်တပ်ဖွဲ့များ အခြေစိုက်ထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။