မြစ်ဆုံဗုံးကိစ္စ ဘာသာရေးခေါင်းဆောင်များနှင့် ကေအိုင်အို မိသားစုဝင်အချို့ခေါ်ယူမေးမြန်းခံနေရ

သတင်းနင့်မီဒီယာ ကွန်ယက်။
ဧပြီလ ၃ဝရက်၊ ၂ဝ၁ဝ ခုနှစ်။

ကချင်ပြည်နယ်၊ မေခ-မလိခမြစ်ဆုံဒေသ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဒေသခံများကို  စစ်တပ်၊ ရဲနှင့် စစ်ဖက် ရေးရာလုံခြုံရေး(စရဖ)များက ခေါ်ယူစစ်ဆေးနေရာတွင် ဘာသာရေးခေါင်းဆောင်များနှင့်  ကချင်ပြည် လွတ်လပ် ရေးအဖွဲ့(KIO)နှင့် ပတ်သက်သည့် သူများလည်း ခေါ်ယူမေးမြန်းခံကြရသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ဒေသခံများအပါအဝင် ဘာသာရေးခေါင်းဆောင်များကိုလည်း စစ်ဆေးမေး မြန်းမှု ခံနေကြရသည်ဟု တန်ဖဲရွာသားတဦးက ပြောသည်။

သင်းအုပ်ဆရာ ဦးဘရန်နူး၊ ကချင်နှစ်ချင်းခရစ်ယာန် အသင်းတော် အတွင်းရေးမှူး ဦးလတောင်၊ ဦး ဆူးခေါင်၊ ဦးနော်လာ တို့ အကုန်လုံး အစစ်ဆေးခံရတယ်။ နှစ်ချင်း ဆရာတွေပေါ့။ ကက်သလစ် ဘက် ဆိုရင်လည်း ကက်သလစ် ဆရာတွေရှိတယ်။ သူတို့ကို ခေါ်မေးမြန်းတာရှိတယ်။ ပြန်တော့ လွှတ်လိုက် ပါပြီ။ ဟု တန်ဖဲ ကျေးရွာသားက ပြော သည်။

ကေအိုင်အို တပ်ဖွဲဝင်ထဲတွင် မိသားစုဝင်တဦးရှိနေသည့် တန်ဖဲကျေးရွာ ဦးဇော်လှ မိသားစုဝင် သုံးဦးမှာ ယနေ့ အထိ ခေါ်ယူစစ်ဆေးခံနေရဆဲဖြစ်ကြောင်း အဆိုပါ တန်ဖဲကျေးရွာသားက ပြောသည်။

ဦးဇော်လှမိသားစုထဲကဆိုရင် သူတို့သားတယောက်က ကေအိုင်အေထဲမှာရှိတယ်။ သူတို့ မိသားစု ထဲက (၃)ယောက် အသက်(၆ဝ)ကျော်အရွယ် သူ့အမေရယ်၊ သူ့အကိုရယ်၊ သူ့အကို မိန်းမ သူ့မရီးရယ် သုံးယောက်ကို (၂၆)ရက် နေ့တည်းက ဖမ်းသွားတာ၊ အခုထိ ပြန်မလွတ်သေးဘူး။ တန်ဖဲ တရွာတည်း မှာဘဲ (၁ဝ)ယောက် လောက်ရှိတယ်။ ဖမ်းထားတယ်၊ တန်ဖဲ တရွာထဲကနေ စစ်ဆေးခံရတာက အား လုံး(၁ဝဝ)ကျော်ရှိပြီ။ လူငယ်တွေကော၊ လူကြီးကော ပါတယ်။

ယခုလ(၁၇)ရက်နေ့က မြစ်ဆုံရေကာတာစီမံကိန်းတည်ဆောက်နေသည့် အေးရှားဝေါလ် ကုမ္ပဏီ၏ ဆောက် လုပ်ရေး လုပ်ငန်းခွင်အတွင်း(၄)နေရာတွင်  ဗုံး(၁ဝ)လုံး ပေါက်ကွဲခဲ့ရာ အဆောက်အဦ(၂)လုံးနှင့် မော်တော် ယာဉ် (၆)စီး ပျက်စီးပြီး အမျိုးသားတဦး ဒဏ်ရာရရှိခဲ့ကြောင်း နအဖပိုင် သတင်းစာတွင် ဖေါ်ပြထားသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။