မြစ်ကြီးနား လေယာဉ်ကွင်းတိုးချဲ့ရန် လူနေအိမ် အများအပြား ရွေ့ပြောင်းခိုင်းမည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၃ဝ ရက်၊  ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား လေယာဉ်ကွင်း ပြေးလမ်းနှင့်ကွင်းအား တိုးချဲ့ရန်အတွက် မြေနေရာ တိုင်းတာမှုများ ကို ယခုလ(၂၈)ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က အေးမြသာယာ ရပ်ကွက်လူကြီးများအား ပယက အတွင်းရေးမှူး ဦးမျိုးမြင့်က တွေ့ဆုံပြီး လူနေအိမ်များ ရွေ့ပြောင်းရန် လိုအပ်ကြောင်း ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့၊ လေယာဉ်ကွင်းအနီးရှိ အေးမြသာယာရပ်ကွက်တွင် အိမ်ခြေနှစ်ထောင်ကျော်ရှိပြီး အိမ်ခြေတစ် ထောင်ခန့် ရွေ့ပြောင်းခံဖွယ်ရှိသည်ဟု မြစ်ကြီးနားဒေသခံတဦးက ပြောသည်။

“အိမ်ခြေအတိအကျတော့ မသိဘူး၊ ရာကြီးပိုင်း၊ ထောင်လောက်တော့ ရှိမယ်။ အခုက တိုင်းတာနေ တုန်းပဲ။ ဂျာမိုင်ကောင်းရပ်ကွက်က အိမ်တွေလည်း ပါတယ်လို့ ပြောတယ်။ ပြေးလမ်းကော၊ လေယာဉ် ကွင်းကောပါ ချဲ့နေတာ။ စီမံကိန်းကို မနှစ်က စတာ။ ဒါပေမယ့် အခုက စပြီး တိုင်းနေတာ။ ရွေ့ရ မှာက ပမ္မတီးဘက်ကို ရွေ့ရမယ်လို့ပြောတယ်။ မြစ်ကြီးနားကနေ (၁၈)မိုင်လောက်ဝေးတယ်တဲ့။ အဲဒီ ကလူတွေ အတော်လေး စိတ်ပျက် နေကြတာ။”

ရွှေ့ပြောင်းမည့် နေအိမ်များမှ တိုက်အိမ်တအိမ်လျှင် (၁၅)သိန်းနှင့် ပျဉ်အိမ် ကျပ်(၁ဝ)သိန်း ပေးလျော်မည်ဟု ပြောဆိုမှု များရှိနေသော်လည်း ယခုချိန်အထိ မည်သည့်အချိန်တွင် ရွေ့ရမည်ကိုမူ အာဏာပိုင်များဘက်က တိတိကျကျ ပြောဆိုခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောသည်။

အေးမြသာယာရပ်ကွက်သည် မြစ်ကြီးနား-မန္တလေး သံလမ်းအနောက်ဖက် မြို့ပြင်တွင်ရှိ၍ ကွက်သစ်အဖြစ် ယခင်က ရှိနေခဲ့ပြီး နောက်ပိုင်းတွင် လူနေအိမ်အဆောက်အဦးများဖြင့် တဖြည်းဖြည်း စည်းကားရာ ရပ်ကွက်ကြီး တခုအဖြစ် တည်ရှိလာခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

“အခုက ရပ်ကွက်လူထုက ဘယ်လောက်အထိ ကန့်ကွက်လာမလဲဆိုတာ တဖြည်းဖြည်း သွေးတိုးစမ်း လာနေတာ။ လူတွေ မသိတဲ့ ညပိုင်းကို မြေတိုင်းသွားတယ်၊ နောက်မှ ရပ်ကွက် လူကြီးတွေခေါ်ပြီး လူနေအိမ်တွေ ရွေ့ရမယ်ဆိုလို့ စပြောလာတာ။ ဘယ်အချိန် နောက်ဆုံးထားရွေ့ရမယ်ဆိုတော့ မပြော သေးဘူး။”

တရုတ်-မြန်မာနယ်စပ် တရုတ်ပြည်၊ ထိန်ချုန်းမြို့တွင် လေယာဉ်ကွင်းတည်ဆောက်ကာ ခရီးသွား လုပ်ငန်းတိုးချဲ့ ရေးအတွက် မြန်မာပြည်သို့ ဆိုက်ရောက်ဗီဇာထုတ်ပေးရန် စီစဉ်မှု များရှိစဉ်မှ စ၍ မြစ်ကြီးနား လေယာဉ်ကွင်း အား အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းအဖြစ် ပြုလုပ်ရန် မြန်မာစစ်အစိုးရဘက်က ယမန်နှစ်ကတည်းက စီစဉ်နေခဲ့ပြီး ယခုအခါ မြေနေရာ တိုင်းတိုင်းတာမှုများ တရားဝင် ပြုလုပ်လာခြင်းဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။