မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသော ရွာသူကြီး အခြေအနေစိုးရိမ်ရ

ခွန်အောင်မြတ်။
သြဂုတ်လ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။  

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ရွာသူကြီးသုံးယောက်ကို မသင်္ကာမှုဖြင့် မြန်မာ စစ် တပ်က ဖမ်းဆီးရိုက်နှက်ရာ တဦးမှာ ဆေးရုံတွင် ဒဏ်ရာအပြင်းထန်ခံစားရပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိ နေသည်ဟု ဒေသခံများက ပြောသည်။

မြန်မာစစ်တပ်မှ ဖမ်းဆီးရိုက်နှက်ခြင်း ခံရသော လွယ်တဖရီး ရွာသူကြီး မောင်ဦးသည် ဒဏ်ပြင်းထန်စွာရရှိပြီး ယခု တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်ဟု ယင်းဒေသခံက ပြောသည်။

“စစ်တပ်ထဲမှာတုန်းကလည်း စကားပြောလို့ မရဘူး။ ပါးစပ်ကလည်း သွေးထွက်နေတယ်။ တအား လည်းနာလို့ထင်တယ်။ (၄၂၃)ကနေ ရဲစခန်းကို အပ်လိုက်တယ်။ ရဲစခန်းလည်း အခြေအနေ မဟန် လို့ ဆေးရုံမှာ သွားထားပေးတယ်။ ထားတဲ့အခါလည်း ရဲနှစ်ယောက်က ပါတယ်။ စောင့်နေကြတယ်။ အခု စကားတောင် မပြောဘူး။ တအားနာတယ်။ ဒဏ်ရာက ထိလို့တောင် မရဘူး။ ကိုင်လို့တောင် မရဘူး။ နာနေတယ်။ ထမင်းစားလို့ မရဘူး။ ပိုက်နဲ့ သွင်းပေးရတယ်၊ နောက်ပြီးတော့ ကျင်ငယ် လည်း မသွားဘူး။ ပိုက်နဲ့ စုပ်ထုတ်ပေးရတယ်။ ခုထိက စကားတောင် မပြောဘူး။ သေမယ့် သဘော ရှိတာပေါ့ ရှင်းရှင်းပြောမယ် ဆိုရင်။ ”

ယခုလလယ်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းရှိ လွယ်တဖရီးကျေးရွာ၊ နားဗောင်ရွာနှင့် ကောင်းမူးဗွာ ရွာသူကြီးများ အား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အို)အား ငွေကြေး ထောက်ပံ့ပေးသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

“၀ါခေါင်လပြည့်နေ့က ဖြစ်တာ။ လွယ်တဖရီးရွာရယ် နောက် နားဗောင်ရွာ၊ နောက် ကောင်မူးဗွာရွာ သုံးရွာ၊ ရွာသူကြီး သုံးယောက် အရိုက်ခံရတယ်။ ခွဲထွက်တဲ့ ရလလဖ အဖွဲ့ က သူတို့က  ရွာမှာ ပိုက် ဆံလိုက်တောင်းတယ်။ အဲဒီစာကို သူတို့က တရွာပြီးတရွာ လိုက်ပေးတာပေါ့။ နောက် သူတို့ ၀ါးခရာ ရွာရောက်တဲ့အခါကျတော့ အဲဒီ ရွာက လူတယောက်ပေါ့ အဲဒီလူတယောက်က သတင်းသွားပေးတာ။ (ခမရ) ၄၂၃ ကို သတင်းသွားပေးတာ။ သတင်းသွားပေးတော့ အဲဒီညက သူတို့ စာတွေ လိုက်သိမ်း တာပေါ့။ အဲဒီညမှာပဲ လွယ်တဖရီးရွာက သူကြီး သုံးယောက်ကို ဖမ်းခဲ့တယ်။ အဲဒီ ၄၂၃ မှာပဲ စခန်းထဲ မှာပဲ ဖမ်းထည့်တယ်။ အဲဒီရွာသူကြီး သုံးယောက်ကို ခေါ်လာပြီးတော့ အဲဒီတပ်ထဲရောက်တော့ မေး မြန်းပြီးမှ အဲဒီစစ်တပ်ထဲမှာပဲ သူတို့ ရိုက်တာ။ အမှန်အတိုင်းပြောလည်း ရိုက်တယ်။ လိမ်ပြောလည်း ရိုက်တယ်။ ဘယ်လိုပြောပြောလဲ မရဘူး။”

ကျန်ရွာသူကြီးနှစ်ယောက်ထဲမှ တစ်ယောက်သည် ပီအဲန်အယ်လ်အို ပေးပို့လာသည့် စာကို လက်ခံသည့် ရွာသူ ကြီးကို သွားခေါ်ရန် စေလွတ်ရာမှ ထွက်ပြေးသွားပြီး ကျန်တယောက်သည် ဆီဆိုင်ရဲစခန်းတွင် ဆက်လက် ဖမ်း ဆီး ထားသည်ဟု သိရသည်။

ဆီဆိုင်မြို့နယ်မှ ရယက လူကြီးများက ခမရ ၄၂၃ မှ ဒု-တပ်ရင်းမှူး မင်းမင်းထွန်းအား ဖမ်းဆီးထားသည့် ရွာသူ ကြီးများကို ပြန်လွတ်ပေးရန် သွားရောက် တောင်းပန်သော်လည်း မလွတ်ပေးသည့်အပြင် ရယက ဥက္ကဌအား ပါးရိုက်လွတ်သဖြင့် အခြားရွာသူကြီးများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ရွာသားများက ပြောသည်။

ယခုကျေးရွာသားများသည် မြန်မာစစ်အစိုးရကို ဆန့်ကျင်တိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကိုလည်း ကြောက်နေကြရပြီး မြန်မာစစ်တပ်မှ အရေးမှုကို ကြောက်နေကြရသည်ဟု အခြားရွာသား တစ် ယောက်က ပြောသည်။

“ဒီဟာမျိုးက မလုပ်ကောင်းဘူးပေါ့နော်။ မလုပ်သင့်ဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားက လည်း ဒီအပြင်(လက်နက်ကိုင်အုပ်စု)ကိုလည်း မလွန်ဆန်နိုင်ဘူးပေါ့။ အပြစ်ဒဏ် ဆိုရင်လည်းပဲ အပြင်က ကြောက်ရတယ်ပေါ့နော်။ တပ်မတော်ကလည်း တာဝန်မယူပေးဘူး။ သူတို့ကလည်း တာဝန် ယူနိုင်မှာ မဟုတ်ဘူး။ မပေးရင် တောင်သူလယ်သမားဆိုတော့ ဖမ်းမလား၊ ရိုက်မလားပေါ့။ အဲဒါလည်း ကြောက်တယ်။ ပေးပြန်ရင်လည်းပဲ အစိုးရဖက်က တခါ ပြန်ရိုက်တယ်။ ဘယ်လိုနေရမလဲ။ ဒီရွာသား တွေက အားကိုးရာမဲ့နေတယ်။”

ဆီဆိုင်မြို့နယ်သည် ယခင်က ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ ရလလဖ ထိန်းချုပ်ရာနယ်မြေဖြစ်ပြီး ယခုအခါ မြန်မာစစ်တပ်အပြင် ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ) တောင်ပိုင်း၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ)နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (ပီအဲန်အယ်လ်အို) တပ်ဖွဲ့ များလည်း လှုပ်ရှားသည့် နယ်မြေ ဖြစ်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။