မြန်မာစစ်အစိုးရတပ်ကို ကေအဲန်ယူ ခြုံခိုတိုက်ခိုက်

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
သြဂုတ်လ ၃၀ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က မြန်မာစစ်အစိုးရ တပ်ကို ယမန်နေ့မနက်က ခြုံခိုက်တိုက်ခိုက်ရာ စစ်အစိုးရဘက်မှ ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

မြ၀တီမြို့နယ်အတွင်းရှိ ကေအဲန်ယူထိန်းချုပ်ရာနယ်မြေဖြစ်သည့် တပ်ရင်း ၂၀၁ ထီးစလယ်စခန်း အနီးတွင် မြန် မာစစ်အစိုးရ ခြေမြန်တပ်ရင်း ၄၀၇ တက်လာစဉ် ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည် ကေအဲန်ယူ၏ တွဲဖက်အတွင်းရေး မှူး ၁ ဗိုလ်မှူးစောလှငွေက ပြောသည်။

“ရန်သူဘက်က နှစ်ယောက်ဒဏ်ရာရတယ်၊ တယောက်သေတယ်။ နောက်တော့ အဲဒီဒဏ်ရာရတဲ့ တ ယောက်လည်းသေသွားတယ်။ ဖြစ်ဖို့များတာကတော့ ခြုံခိုတိုက်ပွဲ ဖြစ်ဖို့များပါတယ်။ ဒေသတွင်းမှာ စခန်းလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေးအတွက်ပါပဲ။ အဲဒါသူတို့ လှုပ်ရှားရမှာပဲ။ အဲဒီလှုပ်ရှားတဲ့ အခါမှာ ခြုံခိုတိုက်ပြီး ဖြစ်တဲ့ကိစ္စပဲလေ။”

ယခုတိုက်ပွဲဖြစ်ပွားရာ ဒေသတွင် ဒီကေဘီအေ တပ်မဟာ၅ မှ ဗိုလ်မှူးစောလှဘွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ဦး ဆောင်သည့် တပ်ဖွဲ့လည်း လှုပ်ရှားနေသည်ဟု ဗိုလ်မှူးစောလှငွေက ပြောသည်။

“အဲမှာရှိတဲ့ဟာ တချို့က ဥပမာ ကျနော်တို့ကို တိုက်မယ်ဆိုလို့ရှိရင် ဗိုလ်နှုတ်ခမ်းမွှေးတို့ကို ဖြတ်ပြီး လာမှဟာ ရှိတယ်။ ဗိုလ်နှုတ်ခမ်းမွှေးတို့ကို တိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ နေထားတဲ့ နေရာကနေ ဖြတ်ပြီးသွားရမှာဟာတွေ ရှိတယ်။ အဲဒါတွေက အသေသတ်မှတ်ထားလို့ မရဘူးဆိုတဲ့ အခါ ကျတော့ အဲတော့ ဗိုလ်နှုတ်ခမ်းမွှေးကို တိုက်ချင်လို့ပဲ သွားသွား ကျနော်တို့နဲ့တိုးရင် ကျနော်တို့ကတော့ ချမှာပဲ။ ကျနော်တို့ဆီကို လာချင်လို့ပဲဖြစ်ဖြစ် ဟိုတုန်းက ဗိုလ်နှုတ်ခမ်းမွှေး ရှောင်ပေးရင် ရှောင် ပေးမယ်။ အခုက ရှောင်ပေးလို့ မရဘူး။ သူ့အနေအထားကလည်း ကန့်လန့်ထား တယ်ဆိုတော့ သူ့ကို တိုက်မလား မတိုက်မလားလည်း မသိဘူး။ အနည်းဆုံး သူ့ကိုယ်သူ ခုခံပြင်ဆင်ရမယ်အနေ အ ထား ဖြစ်နေတဲ့အခါကျတော့ နအဖ အတွက်ကတော့ နည်းနည်းလှုပ်ရှားမှု ကြပ်သွား တာပေါ့။”

တပ်မဟာ ၅ ဗိုလ်မှူးနှုတ်ခမ်းမွှေးဦးဆောင်သည့် တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ကို လက်မခံသဖြင့် တိုးတက် သောကရင်ဗုဒ္ဓဘာသာတပ်မတော်က နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နောက်ပိုင်း လိုက်မသွားပဲ သီးသန့်ကျန်နေခဲ့သည့် တပ်ဖွဲ့ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။