က ၀ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်

နွယ်လေး။
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။ 

ပဲခူးတိုင်း က၀မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးဝင်း (၅၄)နှစ် သည် ယမန်နေ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။

သူဆုံးတာကတော့ အသည်းကင်ဆာရောဂါနဲ့။ မနေ့က နေ့လည် ၃နာရီ ၂၅မိနစ်မှာ။” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ ဗဟိုကော်မတီဝင်  ဦးမြင့်သိဏ်းက ပြောသည်။

ဒေါက်တာမျိုးဝင်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ ဖဝေါ ဆေးရုံတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဒေါက်တာမျိုးဝင်း ကွယ်လွန်ချိန်ထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂ (MPU)တွင် အဖွဲ့ဝင်တစ်ဦး ဖြစ်  တက်တက်ကြွကြွ တာဝန် ထမ်းဆောင်ခဲ့သည်ဟု ဦးမြင့်သိဏ်းက ဆက်ပြောသည်။

လေးလပတ်ဝန်းကျင်လောက်ကမှ အသည်းကင်ဆာဖြစ်တယ်ဆိုတာ သူသိတာပါ။ ဆေးရုံတက်ပြီး မဆုံးခင် တစ်ပတ်လောက်ထိကိုတောင်မှ ကျနော်တို့နဲ့ ဒီလုပ်ငန်းကိစ္စ သူ တိုင်ပင်တယ်။ ဆွေးနွေးတယ်။ နောက်ဆုံး ကွယ်လွန်မယ့် ဒီတစ်ပတ်လောက်သာ ဆေးရုံ တက်တဲ့ ဒီရက်တွင်းလေးပဲ လုပ်ငန်းနဲ့ နဲနဲ အဆက်ပြတ်တာ။ ဒါတောင်မှ မဆုံးခင် သုံးရက် လောက်ထိ စကားပြောရင်တောင် လုပ်ငန်းနဲ့ပတ်သက်ပြီး သူမေးမြန်းတာတွေ ရှိ တယ်။” 

ဒေါက်တာမျိုးဝင်းသည် ၁၉၈၂ ခုနှစ်က မန္တလေး ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီ ရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။  

စစ်တပ်မှ အာဏာသိမ်းခဲ့သည့်နောက်တွင် က၀မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန် ထမ်း ဆောင်ခဲ့ကာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသည်။ 

၁၉၉၈ခုနှစ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဖွဲ့စည်းစဉ် တက်ကြွစွာပါဝင်ခဲ့သဖြင့် စစ်ထောက်လှမ်း ရေးက ၃နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။  

၂၀၀၄ ခုနှစ်တွင် ထိုင်းမြန်မာနယ်စပ်သို့ ထွက်ခွာလာပြီး အမျိုးသားကောင်စီ အတွင်းရေးမှုးအဖွဲ့၊ နိုင်ငံရေးအံတုမှု ကော်မတီတို့တွင် ဆက်လက် တာဝန်ထမ်းဆောင်ခဲ့သည်။  

ဒေါက်တာမျိုးဝင်း ကွယ်လွန်ချိန်တွင် ဇနီး နှင့် အတူ သားတစ်ဦး၊ သမီးနှစ်ဦး ကျန်ရစ်ခဲ့ပြီး ၎င်း၏ ဈာပနာ အခမ်း အနားကို မဲဆောက်မြို့ တောရဘုန်းကြီးကျောင်းတွင် လာမည့် အောက်တိုဘာ (၃)ရက်နေ့တွင် ကျင်းပမည် ဖြစ် သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။