|
လုပ်အားခတောင်းသည့် မြန်မာအလုပ်သမားနှစ်ဦး
ရိုက်နှက်ခံရပြီး ပျောက်ဆုံးနေ
ဇော်ကြီး။
စက်တင်ဘာလ ၃၀ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ သိုးမွေးစက်ရုံတစ်ရုံ၌ လုပ်အားခတောင်းသည့်
မြန်မာ အလုပ်သမားနှစ်ဦး သည် အလုပ်ရှင်မိသားစုနှင့် အချင်းများပြီးနောက်
ပျောက်ဆုံးနေသည်။
မဲဆောက်မြို့ အနောက်မြောက်ဖက် ဆောင်ခွဲဆောင်ရပ်ကွက်ရှိ သိုးမွေးစက်ရုံမှ မြန်မာ
အလုပ်သမား ဖိုးလပြည့် နှင့် မင်းမင်း တို့နှစ်ဦးသည် ယမန်နေ့ည ၉ နာရီခွဲ
အချိန်ခန့်က အလုပ်ရှင်ထံ လုပ်အားခတောင်းခဲ့ရာမှ အလုပ်ရှင် နှင့် အလုပ်သမား ၎
ဦးတို့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်ဟု မဲဆောက်မြို့မှ မျက်မြင်သက်သေတဦးက
ယခုလို ပြောသည်။
“အလုပ်ရှင်က အလုပ်သမားကိုအရင်ဆုံး စရိုက်တယ်။
ဖိုးလပြည့်ကိုရိုက်တာလည်းတွေ့ရော အဲဒီက ကျန်တဲ့ကောင်တွေက
ဘီယာပုလင်းကိုရိုက်ခွဲလိုက်ပြီးတော့ထိုးလိုက်တာ။ အလုပ်ရှင်ကိုထိုးလိုက်တာ။”
ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်တွင် အလုပ်ရှင်မိသားစုများရောက်လာသဖြင့်
အလုပ်သမားများ ထွက်ပြေးသွားကြပြီး နောက် ရပ်ကွက်တာဝန်ရှိသူအချို့နှင့်
ရဲများရောက်လာကာ ထွက်ပြေးသွားသူများအား လိုက်လံရှာဖွေရာ ဖိုးလ ပြည့်
အားဖမ်းမိပြီး ရိုက်နှက်ခဲ့ကြသည်ဟု အခြား မျက်မြင်တဦးက ယခုလို ပြောသည်။
“သူ့ကိုလက်ထိပ်နောက်ပြန်ခတ်ပြီးတော့
ကျန်တဲ့သူတွေကို ပုလိပ်တစ်ယောက်နှစ်ယောက်က လိုက်ရှာ နေတာပေါ့နော်။ လိုက်ရှာပြီး
ဘယ်သူ့ကိုမှမတွေ့တော့ သူ့ကို ထိုးလား၊ ရိုက်လား နှိပ်စက်လားလုပ် နေတယ်။
ကျနော်တို့စက်ရုံရဲ့လမ်းဘေးနားမှာပဲ ကျနော်တို့က တွေ့နေရတာ ပေါ့နော်။
အဲဒီအချိန်မှာ သူဌေးရဲ့သားမက်က ပြေးဝင်လာပြီး ဒီကောင့်ကို ပြေးကန်လိုက်သေးတယ်။”
ရဲကားရောက်လာပြီး ဖိုးလပြည့်အား တင်ဆောင်ပုံကို “အဲ့ဒီကားဟာ ဘယ်ကနေ
ထွက်သွားလည်းဆိုတော့ ပုလိပ်ရုံးဖက်ကို၊ မြို့ထဲဖက်ကိုမမောင်းဘဲနဲ့ ဒီဖက်
အောက်လမ်း ကနေ ကျွန်းတောဖက်ကို ပုလိပ် ကားထွက်သွားတာတွေ့လိုက်တယ်။
အမှိုက်ပုံဘက်လောက် ကိုပေါ့နော်။” ဟု ၎င်းကဆက်ပြောသည်။
ဖိုးလပြည့်အားခေါ်ဆောင်သွားပြီး ခနအကြာ သိုးမွေးစက်ရုံသို့
ရဲကားပြန်လည်ရောက်ရှိလာပြီးရှာဖွေရာမှ မင်းမင်း အား ဖမ်းမိသည်ဟု ၎င်းက ဆက်ပြောသည်။
“မိသွားတော့ တွေ့တွေ့ချင်းဘဲ အဲဒီသူဌေးသားမက်
ဆိုတဲ့သူက ဒုတ်ပိုင်းလား၊ သံပိုင်းလား တော့မ သိတော့ဘူး၊ အဲတာနဲ့
ကောက်ရိုက်လိုက်တာ ကောင်လေးက မရှု့မလှအော်ပြီး လဲကျသွားတယ်။ အဲ့ မှာပဲ
ကောင်လေးကို ကားပေါ်တင်ပြီးတော့ နောက်တစ်သုတ် ထွက်သွားပြန်တယ်။”
အခင်းဖြစ်ပွားစဉ် အလုပ်သမား ၄ ဦး၏ ပြန်လည်ခုခံမှုကြောင့် ထိုစက်ရုံပိုင်ရှင်မှာ
ဝမ်းဗိုက်တွင် ပြင်းထန်သည့် ဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်။
အဖမ်းခံရသည့် မြန်မာအလုပ်သမား နှစ်ဦးနှင့်ပတ်သက်၍ မဲဆောက်ရှိ ထိုင်းရှေ့နေများ
ကောင်စီနှင့် မြန်မာပြည် သားအဖွဲ့တို့မှ ရဲစခန်း၊ အချုပ်နှင့် ဆေးရုံများတွင်
သွားရောက်စုံစမ်း ခဲ့သော်လည်း သတင်းပျောက်နေပြီး ဆက် လက်စုံစမ်း နေဆဲဖြစ်သည်။
ယင်းသိုးမွေးစက်ရုံ၌ တရားမ၀င်မြန်မာအလုပ်သမား ၁၆ ဦးရှိပြီး
ယခုအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးသာ ကျန်ရှိ၍ ကျန်အလုပ်သမားများမှာ
စိုးရိမ်ကြသဖြင့် အလုပ်မဆင်းဘဲ ပုန်းရှောင်နေကြသည်။
|