ကေအဲန်ယူကို နအဖနှင့် ဒီကေဘီအေတပ်ဖွဲ့များ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၃၀ ရက်၊ ၂၀၀၈ ခုနှစ်။  

ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ တပ်မဟာ ၆ ကို မြန်မာစစ် အစိုးရတပ်နှင့် တိုးတက် သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့များ ပူးပေါင်းပြီး ယနေ့ နံနက်က ထိုးစစ်ဆင် တိုက် ခိုက်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ တပ်မဟာ ၆ ဗဟိုဌာချုပ်အား နံနက် ၅ နာရီအချိန်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ပဒိုစောလှငွေက ယခုလို ပြော သည်။

"ကျနော်တို့ ဒီဗဟိုဌာနချုပ်  တပ်ရင်း ၂၀၁ ဂွင်ဖက်မှာ။ ထိုင်းနယ်စပ်နဲ့ ကပ်နေတယ်လ။ ကရင်လို ခေါ်တော့ ဖလယ်လော်ဆယ်ပေါ့ဗျာ။ နှုတ်ခမ်းမွေး ၉၀၇အဖွဲ့တွေနဲ့ နအဖ တပ်ရင်း သုံးရင်း လောက်ကနေ အဲဒီ ဖလယ်လောဆယ်ဂွင်ကနေ ကျနော်တို့ ပြောက်ကျားတွေ ရှိတဲ့နေရာ အခြေစိုက် တဲ့နေရာကို ၀င်ရှင်းတာလို့ ပြောတယ်။ ထိုင်းဖက် ကနေ ပတ်ဝင်တာလို့ပြောတယ်။ အဲဒါ လက်နက် ကြီးတွေနဲ့ ပစ်လိုက်၊ တက်လိုက် လုပ်နေတာလို့ ပြောတယ်။ ကျနော်တို့ဖက်ကတော့ ပြန်ဆက် သွယ်လို့မရဘူး။ အကျ အဆုံးဒဏ်ရာရ ဘာမှမသိရသေးဘူး။ ဘယ်တပ်ရင်းမှန်းလည်း မသိဘူး။"

မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းပြီး ကေအဲန်ယူအား ယခင်လကုန်ပိုင်းမှစပြီး ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ဒေသရှိ စီးပွားရေးလမ်းကြောင်းကို စိုးမိုးရန်အတွက် ထိုးစစ်ဆငခြင်း ဖြစ်နိုင်သည်ဟု ပဒိုစောလှငွေက သုံးသပ်သည်။

"ကျနော်ကြည့်ရတာကတော့ အခုနယ်စပ်မှာ ကျနော်တို့ရဲ့ထူးခြားတာ ဒီနှစ်ဖက် အဲဒီ နေရာမှာပေါ့ ဗျာ။ စီးပွားရေးအရ စတင်ကြတာပဲ။ အဲဒီမှာ သူတို့ စီးပွားရေးကွက်တွေမှာ ကျနော်တို့ဖက်ကလည်း အဲဒီဒေသမှ ပြောင်းခင်းတွေနဲ့ပတ်သက်တာ အခွန်ကောက်၊ သူတို့ကလည်း အဲဒီအခွန်တွေကို လက် ၀ါးကြီးအုပ်ဖို့ ကြိုးစားရာတွေကနေ ထဖြစ်တဲ့ အဲဒီ Clash ပေါ့၊  အဲဒီကနေ စပြီးတော့ သူနယ်ငါနယ် လုနေတဲ့အပေါ်မှာတော့ ထိုင်းက ဖိအားပေးတဲ့အပေါ်မှာ နအဖကလည်း သူတို့ကလည်း အဲဒီနေရာကို အရယူမယ်။ ဒီဖက် ကလည်းပဲ ခုခံ ကာကွယ်တဲ့ သဘောပေါ့။ ကျနော် ထင်တယ် ဒါကတော့ ဒေသ အလိုက် ကွက်ပြီးဖြစ်တဲ့ ကိစ္စပါပဲ။"

တပ်မဟာ ၆ ဒေသရှိ ကျေးရွာများသည် ပြောင်းဖူးခင်းများကို ဧကသိန်းနှင့်ချီ၍ စိုက်ပျိုးကြ ကာ ပြောင်းဖူးခင်းများ ထံမှ အခွန်ငွေကို ကေအဲန်ယူက ကောက်ခံနေသည်ဟု ၎င်းက ဆက်ပြောသည်။

ယခုလ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မြန်မာစစ်တပ်နှင့် ကေအဲန်ယူတို့အကြား တိုက်ပွဲ ၄ ပွဲဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဖက်မှ ၆ ယောက် ကျဆုံးပြီး၊ ၆ယောက် ဒဏ်ရာရရှိကာ မြန်မာတပ်သား ၂ ဦး လက်နက်နှင့်တကွ ကေအဲန်ယူထံ လက်ရောက်လက်နက်ချခဲ့သည် ဟု သိရသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။