ရဲမှူးထံ လစဉ် ဆိုင်ကယ်များ အလကား ပေးရမည်

ခွန်အောင်မြတ်။                                                                                                          မေလ ၃၁ ရက်၊ ၂၀၀၇ ခုနှစ်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် မြို့နယ်ရဲမှူးက ဆိုင်ကယ်ပွဲစားများထံ လစဉ် ဆိုင်ကယ်များ တောင်းခံနေ ကြောင်း ပွဲစားများ ပြောသည်။

မြ၀တီမြို့သို့ အသစ်ထပ်မံပြောင်းရွှေ့လာသည့် ယာဉ်ထိန်းဌာနမှ မြို့နယ်မှူး စိုးဝင်းက ယခုမေလ ၂၈ ရက်နေ့ တွင် ဆိုင်ကယ်အရောင်းအ၀ယ်ပြုလုပ်သူများကို အစည်းအဝေးခေါ်ယူ၍ ပွဲစားများထံမှ လုပ်ငန်းပမာဏကိုလိုက် ၍ ဆိုင်ကယ်များ ပေးရန် ပြောဆိုခဲ့သည်ဟု မြ၀တီမှ အမည်မဖော်လိုသူ ဆိုင်ကယ်ပွဲစားက ပြောသည်။

မြို့နယ်မှူး စိုးဝင်းက ယခုလို တောင်းခံခြင်းသည် ရန်ကုန်တိုင်းမှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးဌာနသို့ လစဉ် ပုံမှန် ပို့ပေးရန် အတွက် ဖြစ်ကြောင်း ပြောဆိုသည်ဟု ထိုင်းနယ်စပ် မဲဆောက်မြို့မှ ဆိုင်ကယ်ပွဲစားဖြစ်သူ ကို အောင်ဒင်က ပြောသည်။

“ထိုင်းနိုင်ငံအတွင်း တရားမ၀င်ရောင်းချတဲ့ ဆိုင်ကယ်ပွဲစားတွေ ရှိတာပေါ့နော်။ ဆိုင်ကယ်ပွဲစားကြီး တွေ ဆိုလို့ရှိရင် တဦးကို တစ်စီးနှုန်းပေါ့။ ပွဲစားကလေးတွေဆိုလို့ရှိရင် သုံးဦးကို တစ်စီးနှုန်း၊ နှစ်ဦးကို တစ်စီးနှုန်း အဲလိုမျိုး။ ၂၈ ရက် နေ့ကတည်းက စတင်ပြီးတော့ ခေါ်ယူဆွေးနွေးတောင်းခံတယ်။ ကျ နော်တို့ ဆိုင်ကယ်က အကောင်းစားပေါ့။ ၀မ်းတူးဖိုက်တို့ ဘင်းဒရင်းတို့ ဘဲမြီးတိုဆို သူတို့မယူဘူး နော်။ အညံ့စားတို့ ဘာတို့ ဒီလိုမျိုး၊ ၂၀၀၄၊ ၂၀၀၅ တောင်မှ ကောင်းကောင်းမယူချင်ဘူး။ အဲလို ၂၀၀၆၊ ၂၀၀၇ အဲလို မော်ဒယ်သစ်တွေပဲ သူတို့တောင်းတယ်လေ။”

ထိုင်းနိုင်ငံဖက်ခြမ်း မဲဆောက်မြို့မှ တရားမ၀င် မှောင်ခိုဆိုင်ကယ် အရောင်းအ၀ယ်ပြုလုပ်သူများ မြ၀တီမြို့တွင် အယောက် ၂၀ ကျော်ရှိသည့်အနက် အရောင်းအ၀ယ်အကြီးအကျယ် လုပ်သော ပွဲစား သုံးဦးမျှသာ ရှိသဖြင့် လက်ကြီးသမားများကမူ ပေးဆောင်နိုင်ကြသော်လည်း ပွဲစားငယ်များအတွက် အခက်အခဲ ရှိကြောင်း ကိုအောင် ဒင်က ပြောသည်။

“၂၈ ရက်နေ့က စတင်ဆွေးနွေးပြီးတော့ ပွဲစားကြီးတွေက ပေးလိုက်ပြီလေ။ ပွဲစားကလေးတွေ ကျန် သေးတယ်။ ဥပမာ ပွဲစားကလေးဆိုတော့ လေးစီး၊ ငါးစီး၊ သုံးစီး၊ နှစ်စီး ပိုက်ဆံတနိုင်ရှိတဲ့လူ လုပ်စား တဲ့လူပေါ့။ အဲဒီလိုတွေက နည်းနည်းစိတ်ညစ်တယ်ပေါ့နော်။ မြတ်တာလည်း ဘာမှမမြတ်ဘူးပေါ့၊ အခု သူတို့ဆိုင်ကယ် သုံးယောက်ကို တစ်စီး ပေးရမယ်ဆိုတဲ့အခါကျတော့။”

လက်ကြီးသမားများသည် မဲဆောက်မှ တရားမ၀င်ဆိုင်ကယ်များကို မြန်မာနိုင်ငံဖက်သို့ တလလျှင် စီးရေ ကိုးရာ နှင့် တစ်ထောင်ကြား အရောင်းအ၀ယ်ပြုလုပ်ကြရပြီး လက်ငယ်သမားများသည် တလလျှင် ဆိုင်ကယ်စီးရေ ၂၀ နှင့် ၄၀ အရောင်းအ၀ယ်ပြုလုပ်နိုင်ကြသည်ဟု သိရသည်။

မြ၀တီ-မဲဆောက်ဖက်တွင် တရားမ၀င် ကား၊ ဆိုင်ကယ်နှင့် အခြားမှောင်ခိုပစ္စည်းများ ကူးသန်း ရောင်းဝယ်မှုများ ပြား သည့် နယ်စပ်မြို့ဖြစ်သည်။

မဲဆောက်မှ မြ၀တီသို့ ဆိုင်ကယ်များအား တရားမ၀င်လမ်းမှ ဖြတ်သန်းရသဖြင့် ဂိတ်ကြေး သယ်ဆောင်ခ ကြေး ငွေများ ပေးဆောင်ကြရရာ ဆိုင်ကယ်တစ်စီးလျှင် အမြတ်ငွေ ကျပ် ၃၀၀၀၀(သုံးသောင်း)မျှ ရရှိသည်ဟု ပွဲစား များက ပြောသည်။

ယခင်က လိုင်စင်မဲ့ ကား၊ဆိုင်ကယ်များကို ဖမ်းဆီးထိန်းသိမ်းခြင်းမျိုး ရှိခဲ့သော်လည်း ယာဉ်ထိန်းရဲဌာနများထံ ဆိုင်ကယ် ပေးဆောင်ရခြင်းသည် ယခု ပထမဆုံး အကြိမ်ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။