|
ပဲခူးမြစ်ရေတက် ပဲခူးမြို့တွင် ရေကြီး
သတင်းနှင့်မီဒီယာ ကွန်ယက်။
ခွန်အောင်မြတ်။
သြဂုတ်လ ၃၁ ရက်၊ ၂၀၁၀ ခုနှစ်။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်တွင် ယနေ့ ရေပိုကြီးလာပြီး အစိုးရရုံးနှင့်
ကျောင်းအချို့ကို ပိတ်ထားရကာ ရေဘေးဒုက္ခ သည်များကို လွတ်ရာသို့
ပို့ဆောင်ထားရသည်ဟု သိရသည်။
ပဲခူးမြစ်ရေသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ
ရှိပြီး၊ ၂၄ နာရီအတွင်း မြစ်ရေမှာ ပဲခူးမြို့၏ စိုးရိမ်ရေမှတ် ၉၁၀ စင်တီမီတာ
အထက်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေ၀သ နှင့် ဇလ ဗေဒညွန်ကြားရေးမှူး
ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြစ်ရေကြီးမှုကြောင့် အနိမ့်ပိုင်းတွင် ရှိသည့် ကျေးရွှာ၊ ရပ်ကွက်များမှာ
အိမ်မြုပ်နိုင်သဖြင့် ရပ်ကွက်သားများကို ကုန်းမြင့်သည့် ဘုန်းကြီးကျောင်း၊
စာသင်ကျောင်းတွင် ပြောင်းရွှေ့ထားရသည်ဟု မြို့ခံတဦးက ပြောသည်။
“ဒီမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အခုအနိမ့်ပိုင်းမှာ ရှိတဲ့ ရပ်ကွက်တွေပေါ့နော်
မြို့ပေါ်ရပ်ကွက်တွေ ရော ပဲခူးလမ်းမပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကော
အနိမ့်ပိုင်းအိမ်လေးတွေပေါ့၊ တထပ်အိမ်လေး တွေ ကြမ်းပြင်လောက်အထိကို
မြုပ်မယ့်အနေအထားရှိတော့ လူတွေက အဲဒီမှာ အိမ်ပေါ်မှာ နေလို့ မရတော့ဘူး။
နေအိမ်ကို စွန့်ခွါပြီးတော့ အဓိက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တက်နေ
ကြတာပေါ့။ မြို့ပေါ်မှာရှိတဲ့ ချမ်းသာတဲ့လူတွေက သူတို့ကို အဓိကထားပြီးတော့
မြန်မာလူမျိုးတို့ရဲ့ ထုံးစံအရ ပေါ့ဗျာ ထမင်းထုပ်တွေ ရေတွေ ဝေပေးကြတယ်။”
မြစ်ရေကြီးမှုကြောင့် ပဲခူးမြို့နှင့် ရပ်ရွာများရှိ
ဆင်းရဲသားရပ်ကွက်နေအိမ်အများစု ရေမြုပ်ခံရသည်ဟု အခြား မြို့ခံတဦးက ပြောသည်။
“တော်တော်တော့ များတာပေါ့ဗျာ။ ရပ်ကွက်ကလည်း ကျနော်သိသလောက်ဆိုရင် ပဲခူး၊
ဥဿာကြီး၊ ကျောက်စုကြီး၊ နောက် ကျွန်းသာယာ၊ ပြီးတော့က အမှတ်နှစ်ဆိုလည်း
တပိုင်းလုံးလဲ။ နောက် ဟိုးချောင်းနဲ့ တံတားကြီးရဲ့အနောက်ခြမ်းတခြမ်းလုံးပါတယ်။
အလယ်ကျောက်ကြီးတို့ဆိုလည်း ပဲခူး ချောင်းအရှေ့မှာ ကမ်းနဖူးမှာ၊ ရွာသစ်ဆိုလည်း
တရပ်ကွက်လုံးပဲ အဲဒါတွေက တကယ့်ဆင်းရဲသား ရပ်ကွက်တွေ၊ တနေ့လုပ်မှာ တနေ့စားရတဲ့
ရပ်ကွက်တွေပဲ။ ဘူတာဈေးဆိုတာရှိတယ် ပျံကျဈေးပေါ့ မြုပ်သွားလို့၊ ပဲခူး
မီးရထားကုန်းကျော် တံတားဘေးမှာ ခေါင်းရွက်တဲ့ ဗန်းဈေးသည်တွေ၊ သားငါး သည် တွေက
ရောင်းနေကြတယ်။”
မြို့တွင်းရှိ လမ်းမကြီးများလည်း ခါးကျော်အထိ ရေမြုပ်ရာ ယာဉ်အသွားအလာများ
ခက်ခဲပြီး မောင်းနှင်၍ မရကြ သဖြင့် အချို့မှာ လှေများဖြင့် သွားလာနေရပြီး
စာသင်ကျောင်းနှင့် ရုံးအချို့လည်း ပိတ်ထားရကာ မြစ်ရေမကျ၍ ဆက်တက်နေလျှင်
နောက်ထပ် ၄ ရက်ခန့် ဆက်ပိတ်မည်ဟု ဆရာမတဦးက ပြောသည်။
ရေဘေးဒုက္ခသည်များကို ငွေကြေးရှိသည် မြို့ခံများ၊ လူမှုရေးအသင်းအဖွဲ့များက
အစားအသောက် များကို လိုက် လံပေးဝေနေသည်ဟု ဒေသခံများက ပြောသည်။
“ကျနော်တို့ ဒီနေ့ ပဲခူးမြို့မှာ ရှိတဲ့ အဲန်အယ်လ်ဒီ လူငယ်တချို့နဲ့ နောက်
ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ အဲန်ဒီအက်ဖ်ပေါ့ဗျာ။ လမ်းပြကြယ်အဖွဲ့
ဦးအေးမြင့်နဲ့ ရဟန်းသံဃာတော်တွေနဲ့တော့ ဟိုးဝေး လံ ခေါင်သီတဲ့ ကျေးရွာတွေ
ရပ်ကွက်တွေကို သွားပြီးတော့ ထမင်းထုပ်တွေကို ဖြန့်နေတယ်ဆိုတာ ကျနော်
ကြားလည်းကြားတယ် မြင်လည်းမြင်တယ်။” ဟု မြို့ခံက ပြောသည်။
ဒေသခံအာဏာပိုင်များ မည်သည့်ကယ်ဆယ်ရေလုပ်ငန်းများကို ကူညီမှု မပေးသေးကြောင်း၊
ရဲနှင့်ကြက်ခြေနီ အချို့က အဝေးပြေးလမ်းမကြီးနှင့် ချိုင့်ရှိသော
လမ်းနေရာများတွင် ရေတိုင်ကီများကို အမှတ်အသား ပြုလုပ်ချ ထားပြီး
ယာဉ်အသွားအလာများ သတိထား တိမ်းရှောင်နိုင်ရန် အသိပေးနေသည်ကို တွေ့ရကြောင်း
မြို့ခံများက ပြောသည်။
|