လောမြန်မာနယ်စပ်ရှိ စစ်အစိုးရတပ်များအား နယ်ခြားစောင့်တပ်ဖွဲ့နှင့် အစားထိုး

သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
သြဂုတ်လ ၃၁ ရက်၊ ၂၀၁၀ ခုနှစ်။

လောမြန်မာနယ်စပ်ရှိ မြန်မာစစ်အစိုးရတပ်စခန်းများအား  မကြာသေးမီကအသစ်ဖွဲ့စည်းထားသည့် ဒေသခံ နယ် ခြား စောင့်တပ်ဖွဲ့များနှင့် အစားထိုးလိုက်သည်။

မဲခေါင်မြစ်တလျှောက်ရှိ မြန်မာစစ်အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ ၅၇၁ နှင့် ၅၇၂ တို့ လှုပ်ရှားရာဒေသများအား ဒေသခံလားဟူပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်သည့် နယ်ခြားစောင့် တပ်ရင်းနံပါတ် ၁၀၀၉ နှင့် ယခုလ(၂၈) ရက်နေ့က အစားထိုးလိုက်သည်ဟု ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၉ က ခရီးထွက်သွားပြီ အကုန်လုံး။ နယ်စပ်ဖက် သွားမယ်လို့ ပြောတယ်။ လောနဲ့ မြန်မာနယ်စပ်လေ။ အရင်က အဲဒီနေရာမှာ ခမရ (၅၇၂၊၅၇၁) နေတာလေ။ အခု အဲဒီတပ်ရင်းတွေက နောက်တန်းပြန်ခဲ့ပြီ။ လားဟူတပ်နဲ့ အစားထိုးလိုက်တာပေါ့။

နယ်ခြားစောင့်တပ်ရင်း ၁၀၀၉ တွင် လားဟူအမျိုးသား ဗိုလ်မှူးကျော်စိုးက တပ်ရင်းမှူး တာဝန်ယူထားပြီး ဒုရင်း မှူးတာဝန်အား စစ်အစိုးရတပ်မှ ဗိုလ်မှူးမြင့်သက်ဦးက တာဝန်ယူ ထားကာ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်ရှိသည် ဟု သိရသည်။

ယင်းဒေသသည် မူးယစ်ဆေးခေါင်းဆောင် နော်ခမ်းဦးဆောင်သည့်အဖွဲ့များလှုပ်ရှားနေပြီး တိုက်ပွဲငယ်များ မကြာ ခနဆိုသလို ဖြစ်ပွားလေ့ရှိသည်။ ယခုလုပ်ရပ်သည် နယ်ခြားစောင့် တပ်ဖွဲ့များအား မူးယစ်ဆေးဝါးလုပ်ငန်းကို ပြုလုပ်နိုင်ရန် စစ်အစိုးရမှ တဖက်လှည့်နည်းဖြင့် ခွင့်ပြုလိုက်ခြင်းသာဖြစ်သည်ဟု တာချီလိတ်မြို့ခံတစ်ဦးက ယခု လို ပြောသည်။

သူတို့အတွက် လုပ်ခွင့်ပေးလိုက်တာပေါ့။ တကယ့်အစစ်အမှန်အဖွဲ့တွေထားရင်တော့ သူတို့လုပ်ရင် သူ တို့ပြုတ်မှာလေ။ အခုလိုလုပ်လိုက်တော့ အရေးယူဖို့လည်းမသင့်တော်ဘူး၊ လုပ်ပါလို့လည်း အမိန့်မပေး ချင်တော့ မယုတ်မလွန်ပုံစံလေးနဲ့ ခွင့်ပေးလိုက်တာပေါ့။

ထိုင်းနှင့်လော နိုင်ငံများသို့ နှစ်စဉ်ဝင်ရောက်နေသည့် မူးယစ်ဆေးအများစုမှာ ထိုဒေသမှ ဖြတ်သန်းလာခြင်းဖြစ် ပြီး ဒေသခံအာဏာပိုင်အဖွဲ့အစည်းများ အပါအ၀င် ပြည်သူ့စစ် တပ်ဖွဲ့များနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ သည် ယခင်ကတည်းက ဆက်စပ်မှု ရှိနေသည်ဟု ရှမ်းသံတော်ဆင့်သတင်းဌာန လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

သို့သော် မူးယစ်ဆေးဝါးမှရသည့် အကျိုးအမြတ်များကို လားဟူပြည်သူ့စစ်တပ်ဖွဲ့များ အနေနှင့် အနည်းငယ်သာ ခံစားရနိုင်ပြီး အများအားဖြင့် ဒေသခံအာဏာပိုင်အဖွဲ့အစည်း များကသာ ခံစားရသည်ဟု ၎င်းကဆက်ပြောသည်။

အမြတ်အစွန်းတွေကို တဖက်တလှမ်းကနေရမှာကတော့ ဒေသခံ တပ်ရင်းမှူးတွေ တပ်ခွဲမှူးတွေက အစ ဗျူဟာမှူးကနေ ကျိုင်းတုံတိုင်းမှူးအဆင့်အထိ အလိုအလျောက် သူတို့လက်ဖျားငွေသီးမှာပေါ့ ဗျာ။

ယင်းဒေသသည် အပစ်ရပ် မိန်းလားခေါ် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA) နှင့် အနီးစပ်ဆုံးဖြစ်ပြီး ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းတပ်များလည်း လှုပ်ရှားနေသည့်အတွက် ယခုလုပ်ရပ်အပေါ် စစ်ရေးအရ ကြည့်လျှင် တိုင်းရင်းသား အချင်း ချင်းကြား ရန်တိုက်ပေးလိုသည့် လုပ်ရပ်သာဖြစ်သည်ဟု ဦးစိန်ကြည်က သုံး သပ်ပြောဆိုသည်။

နယ်ခြားစောင့်တပ်ရင်းအမှတ် ၁၀၀၉ အား ဒေသခံပြည်သူ့စစ်များဖြင့် တာချီလိတ်ခရိုင် မိန်းကိုးကျေးရွာအုပ်စု ဖတ်ဟိ ကျေးရွာတွင် ယခုနှစ် မေလ(၁၈)ရက်နေ့က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။