TNLA နှင့် တပ်မတော် ကျေးရွာများအနီး တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်။

မြန်မာ့တပ်မတော်နဲ့ တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA တို့ကြား လူနေကျေးရွာများ အနီးတွင် တစ်ရက်ထဲအတွင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကြောင်း PSLF/ TNLA က ပြောသည်။

နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား ပစ်ခတ်မှုများမှာ အချိန်အတော်အကြာ ရပ်တန့်နေရာမှ စက်တင်ဘာ ၂၉ ရက် ယမန် နေ့က တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“မနေ့ကတော့ မန်ပိန်းရွာအနီးမှာ တစ်ကြိမ်ပေါ့နော၊ ကောင်းခါးရွာနဲ့ နမ့်အွမ်ရွာကြားမှာ တစ်နေရာတည်းကို ၂ ကြိမ်လောက်ဖြစ်တယ်။ နမ့်ပေါ်တံတားနားမှာ တစ်ကြိမ်ဖြစ်တယ်။ အားလုံးပေါင်း ၄ ကြိမ်ဖြစ်တယ်။ မနက်မှာ တော့ ၈ နာရီက ၉ နာရီဝန်းကျင် ညနေမှာတော့ ၁ နာရီ ကနေ ၂ နာရီ ၃ နာရီထိ ဖြစ်တယ်။ သူက တောက် လျှောက်ပဲ။”

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများမှာ ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု အခြေအနေကို အတိအကျမသိရသေးကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

“ကျနော်တို့ဖက်ကတော့ မရှိဘူး တပ်ဖက်ကျတော့ ရှိတော့ရှိတယ် အတိအကျတော့ မသိဘူး။ စောစောကပြောတဲ့ နမ့်အွမ်နဲ့ ကောင်းခါးရွာကြားမှာ ဖြစ်တဲ့ သူတို့ရဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတော့ရှိတယ်”

ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပေ။

ယခုပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများမှာ မြန်မာ့တပ်မတော်ဖက်မှ မိမိတို့ လှုပ်ရှားရာဒေသသို့ တက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့က PSLF/TNLA နဲ့ မြန်မာ့တပ်မတော်တို့အကြား မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ အထက်ဖက်တွင် တစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်နေ့က ကွတ်ခိုင်မြို့နယ်ရှိ နမ့်ဆုံကျေးရွာအနီးတွင် တစ်ကြိမ်နဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ကွတ်ခိုင်မြို့နယ် (ခွဲ) တာမိုးညဲမြို့နယ် နမ့်မောကျေးရွာနှင့် လွယ်ကန်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။