UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေး ကျင်းပ

သတင်းနှင့်မီဒီယာကွန်ရက်။
နိုဝင်ဘာလ ၁၄ ရက်နေ့၊ ၂၀၁၇ ခုနှစ်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် န၀မအကြိမ်မြောက် ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အရေးပေါ် တိုးချဲ့ အစည်းအဝေးကို ဒီကနေ့ နံနက် ၉  နာရီ က ထိုင်းနိုင်ငံ ချင်းမိုင် မြို့ရှိ The Park Hotel တွင် စတင်ကျင်းပနေသည်။

အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် နှင့် အဌမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသည့် အခြေအနေများအား UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ ကို အစီရင်ခံတင်ပြပြီး ဆက်ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်အပေါ် သဘောထား ဆုံးဖြတ်များကို အတည်ပြုချက် ရယူရန်ရှိသည်ဟု သိရသည်။

ယနေ့အစည်းအဝေးကို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့ဝင်များအပါအ၀င် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP။ လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU နှင့် ရခိုင်အမျိုးသားကောင်စီ ANC အဖွဲ့များမှ စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များလည်း တက်ရောက်နေသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN အဖွဲ့သည် NCA လက်မှတ်ရေးထိုးရန် တင်ပြထားသော အစိုးရ နှင့်  ဆွေးနွေးနေသည့် အချက် ၉  ချက်ကို အပြီးသတ်ဆွေးနွေးရန် လာမည့် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင် ရန်ကုန်မြို့ ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံး၌ တွေ့ဆုံရန် ရှိသည်။